(၂-၁၁-၂၀၂၃ ရက်၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် အပြည်ပြည်ဆိုင်ရာစွမ်းအင်နှင့်ရာသီဥတုဆိုင်ရာဆွေးနွေးပွဲ (International Vienna Energy and Climate Forum) ကို ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့(United Nations Industrial Development Organization-UNIDO)၊ ဩစတြီးယားနိုင်ငံ ဥရောပနှင့်နိုင်ငံတကာရေးရာ ဖက်ဒရယ်ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အသုံးချစနစ်များ လေ့လာဆန်းစစ်ရေးအဖွဲ့ (International Institute for Applied System Analysis) တို့က ကြီးမှူးလျက် ၂-၁၁-၂၀၂၃ ရက်မှ ၃-၁၁-၂၀၂၃ ရက်အထိ Hofburg Conference Centre ၌ ကျင်းပလျက်ရှိရာ၊ ၂-၁၁-၂၀၂၃ ရက် နံနက်ပိုင်းတွင်ကျင်းပသော ဖွင့်ပွဲအခမ်းအနားသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူးဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဩစတြီးယားနိုင်ငံဖက်ဒရယ်သမ္မတ H.E. Mr. Alexander Van der Bellen (Online ဖြင့်)၊ UNIDO ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller၊ ဩစတြီးယားနိုင်ငံ ဥရောပနှင့်နိုင်ငံတကာရေးရာဖက်ဒရယ်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာအတွင်းရေးမှူးချုပ် (ဒုတိယဝန်ကြီး) H.E. Mr. Nikolaus Marschik နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အာဖရိကဆိုင်ရာအထူးအကြံပေး Ms. Cristina Duarte တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် “Taking Stock: Assessing progress towards net zero” ခေါင်းစဉ်ဖြင့် panel discussion ကိုဆက်လက်ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် Mr. Rafael Mariano Grossi ကပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။


