ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်(၁၅-၅-၂၀၂၄ ရက်)

(၁၅-၅-၂၀၂၄ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ဂျကာတာမြို့၊ Fairmont Hotel ၌ ၁၅-၅-၂၀၂၄ ရက်တွင် အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖွဲ့ရုံးက ကြီးမှူးကျင်းပခဲ့သည့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ ဥပဒေပြုရေးကောင်စီ ဥက္ကဋ္ဌ H.E. Mr. Andrew Leung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ အကြား တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးမှူးအနေဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

ဟောင်ကောင် ဥပဒေပြုရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ ခရီးစဉ်သွားရောက်စဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ အာဆီယံနှင့် ဟောင်ကောင်အကြား စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ခရီးသွားလာရေးကဏ္ဍ တို့၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များ၊ ၂၀၂၄ ခုနှစ်၊ လာအိုနိုင်ငံမှ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ဦးစားပေးဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအနေဖြင့် ဒေသတွင်းဘက်စုံစီးပွားရေး မိတ်ဖက် ပြုမှုသဘောတူစာချုပ်သို့ ဝင်ရောက်ရေး အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

***************************************************