လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကျင်းပ(၃၁-၈-၂၀၂၃ ရက်)

(၃၁-၈-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းများအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးသင်တန်း ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ Hybrid Format ဖြင့် ကျင်းပခဲ့ပါသည်။  

အသိပညာပေးသင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ  မြန်မာသံတမန်များနှင့် အလုပ်သမားသံအရာရှိများအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ခေါ်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို သိရှိနားလည်ကြစေရန်ဖြစ်ပါသည်။

ယင်းအသိပညာပေးသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးအောင်သက်နိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာအကြံဉာဏ်ပေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းလင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းခိုင်တို့က ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ၊ လူကုန်ကူးမှုအဖြစ်များသည့် နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းများနှင့် အလုပ်သမားသံအရာရှိများ စုစုပေါင်း (၇၃) ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။