မြန်မာသံရုံး၊ ဟနွိုင်းမြို့၌ နှစ်သစ်ကူးတရားတော်နာယူပွဲအခမ်းအနား ကျင်းပ (၁၉-၄-၂၀၂၃ ရက်)

(၁၉-၄-၂၀၂၃ ရက်၊ ဟနွိုင်း)

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း (၁) ရက်၊ နှစ်ဆန်းသုံးရက်နေ့၊ ၁၉-၄-၂၀၂၃ ရက် တွင် ဗီယက်နမ်နိုင်ငံသို့ ကြွရောက်သီတင်းသုံးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ဓဝင် နိကာယ်ကျောင်းတိုက်မှ ကျောက်ပန်းတောင် ဆရာတော် တစ်ဆယ့်ငါးပါးမြောက် တိပိဋကဓရ ဘဒ္ဒန္တ ပညာဝံသာဘိဝံသ နှင့် သံဃာတော် (၃) ပါး တို့အား ပင့်ဖိတ်လျက်  မြန်မာသံရုံး၊ ဟနွိုင်းမြို့တွင် မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ သံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်နှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး တို့မှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဗီယက်နမ်နိုင်ငံသား သီလရှင်ဆရာတော်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ကျောက်ပန်းတောင်ဆရာတော် တိပိဋကဓရ ဘဒ္ဒန္တ ပညာဝံသာဘိဝံသ နှင့် သံဃာတော်များ ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော် သံဃာတော်များက နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြပါသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်သူများက တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး၊ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။