မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် CelebrASIA 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၁၅-၉-၂၀၂၆၊ လန်ဒန်)

မြန်မာသံရုံး၊ လန်ဒန်မြို့၏ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်း သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းတွင် လန်ဒန်မြို့ရှိ Battersea Power Station တွင် ကျင်းပခဲ့သည့် CelebrASIA ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ မဟာမင်းကြီးများနှင့်အတူ တက်‌ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် Battersea Power Station အမှုဆောင်အရာရှိချုပ် Mr. James Saunders နှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မ‌လးရှားမဟာမင်းကြီး H.E. Dato Indera Dr Azfar Mohamad Mustafar တို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

CelebrASIA 2026 သည် အရှေ့တောင်အာရှဒေသရှိ နိုင်ငံ (၁၁) နိုင်ငံမှ ယဉ်ကျေးမှု၊ အစားအသောက်နှင့် လက်မှုပစ္စည်းများ ပါဝင်ပြသပြီး နှစ်စဉ်ကျင်းပသည့် ပွဲတစ်ခုဖြစ်ကာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲ၏ မြန်မာနိုင်ငံဆိုင်ရာ Grand Tour Board တွင် မြန်မာ့စောင်းပြသခြင်း၊ မြန်မာစားသောက်ကုန်များရောင်းချခြင်းနှင့် မြန်မာအကများ တင်ဆက်ခြင်းတို့ ဖြင့် ပါဝင်ခဲ့ပါသည်။