တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသံရုံးသည် လက်ရှိ ပေကျင်းမြို့ အာဆီယံကော်မတီဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံသံရုံးမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်က ပေကျင်းမြို့ရှိ Kerry Hotel တွင် ကျင်းပသည့် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး (၅) နှစ်ပြည့်နှင့် တရုတ်-အာဆီယံ မိတ်ဖက်ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား၌ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ပန်ချင်းဟွာ (Peng Qinghua)၊ တရုတ်နိုင်ငံ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ပြည်သူ့အသင်း (CPAFFC) ဥက္ကဋ္ဌ မစ္စတာ ရန်ဝမ်မင် (YANG Wanming)၊ ဂျကာတာအခြေစိုက် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကော်ကင်ဟောင် (Kao Kim Hourn)၊ ASEAN- China Centre (ACC) အတွင်းရေးမှူးချုပ် မစ္စတာ ကျန်းကျုံးလီ (Zhang Zhongli) နှင့် တရုတ်နိုင်ငံအခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ စုစုပေါင်း (၂၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ပြည်တွင်းထုတ်ကုန်များ၊ ရိုးရာပစ္စည်းများ ပါဝင်ခင်းကျင်းပြသ၍ အစားအစာများဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ကြပါသည်။ မြန်မာသံရုံးမှလည်း မြန်မာ့လက်မှုပညာယွန်းထည်များ၊ ရွှေချည်ငွေချည်နှင့် ကျောက်စီပန်းချီကားများ၊ ပြည်တွင်းဖြစ် ရိုးရာလက်ကိုင်အိတ်အမျိုးမျိုး စသည့်အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာသံရုံး၊ ပေကျင်းမြို့မှ သံရုံးဒုတိယအကြီးအကဲ သံမှူးကြီး ဒေါ်စောစန္ဒီဇော် ဦးဆောင်သည့် သံရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ သံရုံးဝန်ထမ်း (၂) ဦးမှ “မင်္ဂလာပါ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကာ၊ အထူးဧည့်သည်တော်များနှင့် တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာဖြစ်သည့် လက်ဖက်သုပ်ဖြင့် ပါဝင်တည်ခင်းဧည့်ခံခဲ့ပါသည်။





