မြန်မာသံရုံး၊ နယူးဒေလီမြို့ သံအမတ်ကြီး Bodoland International Knowledge Festival 2023 သို့ တက်ရောက်မိန့်ခွန်းပြောကြား(၂-၃-၂၀၂၃ ရက်)

(၂-၃-၂၀၂၃ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံ၊ အရှေ့ မြောက်ပိုင်း အာသံပြည်နယ်ရှိ Bodoland ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကောင်စီမှ Chief Executive Member H.E. Shri Pramod Boro ၏ ဖိတ်ကြားချက်အရ Kokrajhar မြို့၌ ၂၇-၂-၂၀၂၃ ရက်မှ ၂-၃-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် Bodoland International Knowledge Festival 2023 သို့ အထူးဧည့်သည်တော်အဖြစ် ပါဝင် တက်ရောက်ခဲ့ပါသည်။

Bodoland ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပခဲ့သည့် အဆိုပါပွဲတော်သို့ အာသံပြည်နယ်ဝန်ကြီးချုပ် Hon’ble Himanta Biswa Sarma ၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Rajkumar Ranjan Singh ၊ အာသံပြည်နယ်ဥပဒေပြုလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်များ၊ ဗဟိုနှင့် ပြည်နယ်အစိုးရ အာဏာပိုင်များ၊ အိန္ဒိယနိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်များမှ အဓိပတိများအပြင် ဘင်္ဂလားဒေ့ရှ်မှ နိုဘယ်ဆုရှင် Muhammad Yunus၊ ဂျာမနီ၊ ဆွီဒင်၊ အမေရိက၊ တောင်အာဖရိက စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ပညာရှင်များ၊ သုတေသီများ၊ ဖိတ်ကြားထားသူ ၃၀၀ ကျော် နှင့် Bodoland နှင့် အရှေ့မြောက်ဒေသများမှ ပညာရှင်များ၊ သုတေသီများ၊ နိုင်ငံရေးသမားများ၊ ဖွံ့ဖြိုးရေးနယ်ပယ်တွင် ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ကျောင်းသားများစသည်ဖြင့် စိတ်ပါဝင်စားသူ ဦးရေ (၁) သောင်းကျော် တက်ရောက်ဆင်နွှဲခဲ့ကြပါသည်။

မြန်မာသံအမတ်ကြီးသည် ၁-၃-၂၀၂၃ ရက်နေ့က ကျင်းပခဲ့သည့် Bodoland International Knowledge Festival 2023 ၏ Special Session on Act East Policy သို့ တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ပထဝီအနေအထားနှင့် ယဉ်ကျေးမှုချင်း နီးစပ်မှုရှိသည့် မြန်မာနိုင်ငံနှင့် Bodoland ဒေသတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသွားနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်သည့်အလားအလာများကို ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့ပြင် Bodoland International Knowledge Festival ၏ sideline အဖြစ် Bodoland တက္ကသိုလ်တွင် “Partnership for Sustainable Development Goals” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ သံအမတ်ကြီးသည် အာသံပြည်နယ်အစိုးရဝန်ကြီးများ၊ Bodoland Territorial Region ဒေသကောင်စီမှ Chief Executive Member နှင့် အဖွဲ့ဝင်များ၊ ပါမောက္ခများနှင့် သုတေသီများနှင့်အတူ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မှုအခြေအနေများကိုပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။