(၃-၁-၂၀၂၄ ရက်၊ ဝါရှင်တန်ဒီစီ)
ပနားမားသမ္မတနိုင်ငံအား ပူးတွဲတာဝန်ယူထားသော မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းသည် ပနားမားသမ္မတနိုင်ငံ၊ ပနားမားစီးတီး၌ အခြေစိုက်သော ပနားမားသမ္မတနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Ms. Liz Nadine Gracia Romero အား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်အဖြစ် ခန့်အပ်လွှာ (Letter of Commission) ပေးအပ်ခြင်းအတွက် ၃-၁-၂၀၂၄ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်မှတစ်ဆင့် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် သံရုံးယာယီတာဝန်ခံက ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကို ပြောကြားလျက် နှစ်ဖက်ဘုံအကျိုးတူကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရာတွင် ပံ့ပိုးရေးနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအနေဖြင့် ပနားမားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးအပါအဝင် နှစ်နိုင်ငံကောင်စစ်ရေးရာ၊ ယဉ်ကျေးမှုနှင့် ကူးသန်း ရောင်းဝယ်ရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုများအတွက် ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် ၁၅-၇-၁၉၈၂ ရက်နေ့တွင် သံတမန်ဆက်ဆံရေး ထူထောင်ထားသော ပနားမားနိုင်ငံသည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (Treaty of Amity and Cooperation, TAC) တွင် ၄-၉-၂၀၂၃ ရက်က ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။


