နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးအား စကားပြောကြေးနန်းဖြင့် လက်ခံဆွေးနွေး

(၂၅-၁-၂၀၂၁ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Ms. Andrea Faulkner အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်၊ ၀၉၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စကားပြောကြေးနန်းဖြင့် လက်ခံဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆက်လက်ကူညီပံ့ပိုးသွားမည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များနှင့်အညီ စိစစ်ထားသော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးအပ်သွားရေးနှင့် အာဆီယံ-ဩစတြေးလျ၊ မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ ဩစတြေးလျနိုင်ငံက အကူအညီများ ပေးအပ်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ-ဩစတြေးလျ သံတမန်ဆက်ဆံရေးကို ၁၉၅၃ ခုနှစ်တွင် ထူထောင်ခဲ့ပြီး၊ ဩစတြေးလျနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအား အစိုးရအချင်းချင်း ကူညီပံ့ပိုးမှုများ ပေးနေသည့်အပြင် ကမ္ဘာ့ဘဏ်၊ အာဆီယံစသည့် အဖွဲ့အစည်းများမှတစ်ဆင့် မြန်မာနိုင်ငံအား ကိုဗစ်-၁၉ တုံ့ပြန်ရေးကိစ္စအပြင် စီးပွားရေးအရ ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီများ ပေးအပ်လျက်ရှိကြောင်း သိရှိရပါသည်။