(၅-၂-၂၀၂၅ ရက်၊ ဗီယင်နာ)
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့(International Narcotics Control Board-INCB)က ထုတ်ဝေမည့် ၂၀၂၄ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာ၊ အစပျိုး ဓာတုပစ္စည်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်သည့် ရှင်းလင်းပြောကြားပွဲကို ၅-၂-၂၀၂၅ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် INCB ဒုတိယဥက္ကဋ္ဌက အစီရင်ခံစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက်၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးမှု၊ လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် မူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာ စိန်ခေါ်မှုများကို အမျိုးသားရေးတာဝန်အဖြစ် ကိုင်တွယ်ဖြေရှင်းရာတွင် တည်ဆဲမူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို နိုင်ငံတကာစံနှုန်း များနှင့် ကိုက်ညီမှုရှိစေရေးအတွက် လေ့လာသုံးသပ်လျက်ရှိမှု၊ ၂၀၂၃ခုနှစ်တွင် နည်းဥပဒေ များကို ပြင်ဆင်မှု၊ အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာအစီအစဉ် ရေးဆွဲနေမှု၊ မူးယစ်ဆေးဝါးကုန်ကူးမှုများကို အဆင့်မြင့်ခေတ်မီရှာဖွေရေးကိရိယာများ အသုံးပြုခြင်း အပါအဝင် ထိရောက်စွာဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဆက်စပ်ဌာနများအနေဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အသိပညာပေးခြင်းဖြင့် စည်းရုံးခဲ့ရာ ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီတွင် ဘိန်းစိုက်ခင်း ၆,၁၈၁ ဧကကို ဖျက်ဆီးနိုင်ခဲ့မှု၊ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်နေမှုတို့ကိုရှင်းလင်းပြောကြားခဲ့ပါသည်။
အမြဲတမ်းကိုယ်စားလှယ်က ဆက်လက်ဆွေးနွေးရာတွင် အစိုးရအနေဖြင့် ဓာတု ပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်စာရင်းတွင် ထည့်သွင်းလျက်၊ ပြည်ပမှ တရားမဝင် ဝင်ရောက်မှု မရှိစေရေးနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် တင်းကျပ်စွာဆောင်ရွက်လျက်ရှိမှု၊ အစပျိုး ဓာတုပစ္စည်းများ တင်ပို့ရာတွင်လည်း Pre-Export Notification (PEN) စနစ်မှတစ်ဆင့် ဆောင်ရွက်လျက်ရှိမှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကြိမ် ဆောင်ရွက်ခဲ့မှု၊ မူးယစ်ဆေးဝါးလုပ်ငန်း များတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်ပတ်သက်နေမှု၊ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအားလုံးကို နှစ်စဉ်ဇွန်လ ၂၆ ရက် နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ကုန်ကူး မှုတိုက်ဖျက်ရေးနေ့များတွင် မီးရှို့ဖျက်ဆီးလျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံ၊ မဲခေါင်နှင့် ဘင်းမ်စတက်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
**************************


