မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၀၂၆ ခုနှစ် လျန်ချန်း-မဲခေါင် ဒေသန္တရအစိုးရများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နှင့် ယဉ်ကျေးမှုထင်ရှားသော သမိုင်းဝင်မြို့များအကြား ဆွေးနွေးပွဲသို့ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ခြင်း

(၁၀-၁၁-၂၀၂၆၊ ချုံချင့်)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ၊ လဲ့ရှန်းမြို့၊ C Plaza လဲ့ရှန်းဟိုတယ်ရှိ ဟန်ယန်ခန်းမ၌ ကျင်းပသည့် “၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ဒေသန္တရအစိုးရများ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နှင့် ယဉ်ကျေးမှုထင်ရှားသော သမိုင်းဝင်မြို့များအကြား ဆွေးနွေးပွဲ” သို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံပြည်ပနှင့် ချစ်ကြည်ရေးအသင်းချုပ်၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Ji Yongjun က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ စီချွမ်းပြည်နယ်ကော်မတီ၏ ဒုတိယအတွင်းရေးမှူးနှင့် စီချွမ်းပြည်နယ် အုပ်ချုပ်ရေးမှူး Madam Shi Xiaolin မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တရုတ်နိုင်ငံ ပြည်ပနှင့် ချစ်ကြည်ရေးအသင်းချုပ်ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာစီမာခရိုင် အုပ်ချုပ်ရေးမှူး၊ ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ အကြံပေးပုဂ္ဂိုလ်၊ စီချွမ်းပြည်နယ် အစိုးရမှ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့အခြေစိုက် နိုင်ငံခြားကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဖွင့်ပွဲ အခမ်းအနားအပြီးတွင် ကျင်းပသည့် ဒေသန္တရအစိုးရများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၏ “စက်မှုလုပ်ငန်းနှင့် ပညာရေးပေါင်းစပ်ဆောင်ရွက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပပျောက်ရေး (Industry-Education Integration and Poverty Reduction and Alleviation) ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့်ကဏ္ဍတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် မျှဝေခံစားရရှိမည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်မွေးဝမ်းကျောင်းပညာရေးဖြင့် စွမ်းရည်မြှင့်တင်ခြင်း “Empowerment through Vocational Education for Shared Prosperity” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

အဆိုပါဖိုရမ်အား သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများကို အခြေခံ၍ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံ (၆) နိုင်ငံအကြား အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေရန်၊ ဒေသန္တရအဆင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ပိုမိုနီးကပ်သော လန်ချန်း-မဲခေါင် အနာဂတ်အသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။