လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများ ဖြစ်ကြသည့် မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးများက ပူးတွဲစီစဉ်သည့် ၂၀၂၆ ခုနှစ်၊ အာဆီယံနေ့အခမ်းအနားကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ်ရုံး၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ် The Honorable Adelio Angelito Soriano Cruz က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အာဆီယံသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများက ယဉ်ကျေးမှုပြခန်းများ ဖွင့်လှစ်ပြသခဲ့ကြပြီး နိုင်ငံအသီးသီး၏ ရိုးရာအစားအသောက်များ၊ ကျောက်မျက်ရတနာများနှင့် လက်မှုပညာများကို ခင်းကျင်း ပြသရောင်းချ၍ ယဉ်ကျေးမှုအကအလှများဖြင့်လည်း ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် သင်္ကြန်ယိမ်းဖြင့် ပါဝင်တင်ဆက်ခဲ့ပြီး မြန်မာ့ရိုးရာယွန်းထည်များ၊ ကျောက်စိမ်းရတနာများနှင့် ချည်ထည်များကို ခင်းကျင်းပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အာဆီယံကောင်စစ်ဝန်ချုပ်များ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ သံတမန်အသိုင်းအဝိုင်းနှင့် အာဆီယံအသိုင်းအဝိုင်းများက အားပေးတက်ရောက်ခဲ့ပါသည်။




