(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁-၃ ရက်၊ နန်နင်း)
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့မှကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပခဲ့သည့် The Sixth ASEAN-Hunan (Yongzhou) Famous and High-quality Products Trade Fair သို့ တက်ရောက်ကာ ပါဝင် ပြသခဲ့ပါသည်။
ကောင်စစ်ဝန်ချုပ်နှင့်အဖွဲ့သည် ၁-၁၂-၂၀၂၃ ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ယုံကျိုးမြို့၊ Science and Technology Center ၌ ကျင်းပသည့် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲ၌ ယုံကျိုးမြို့နယ် တရုတ်ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး Mr. Zhu Hongwu က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ကောင်စစ်ဝန်ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နှစ်ဖက်ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဦးစားပေးကဏ္ဍများ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ စသည်တို့ကို ပြောကြားခဲ့ပါသည်။
အဆိုပါကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ သစ်သားလက်မှုထည်များ၊ ပယင်းနှင့် ကျောက်စိမ်းလက်ဝတ်ရတနာပစ္စည်းများ စုံစုံလင်လင် ပါဝင်ခင်းကျင်းပြသရောင်းချခဲ့ပါသည်။ ထို့ပြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လက်ကမ်းစာစောင်များ၊ မှတ်တမ်းဗီဒီယိုများကိုလည်း ပြခန်းအတွင်း၌ ခင်းကျင်းပြသခဲ့ပါသည်။ ပြပွဲကာလ (၃)ရက်အတွင်း မြန်မာပြခန်း၌ လာရောက်ကြည့်ရှုလေ့လာသူများ၊ ဝယ်ယူသူများဖြင့် စည်ကားခဲ့ပါသည်။
ပြပွဲတွင် ဟူနန်ပြည်နယ်မှ ကုမ္ပဏီနှင့်စီးပွားရေးလုပ်ငန်း (၄၀၀)ခန့်နှင့် အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပြခန်းများပါဝင်ပြသခဲ့ကြပြီး (၈၀,၀၀၀) ဦးခန့် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။




