ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် CTBT: Science and Technology Conference ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်(၁၉-၆-၂၀၂၃ ရက်)

(၁၉-၆-၂၀၂၃ ရက်၊ ဗီယင်နာ)

နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့အစည်း ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မရှင်(CTBTO) က ကြီးမှူးလျက် CTBT စာချုပ်ဆိုင်ရာ (၇) ကြိမ် မြောက်သိပ္ပံနှင့်နည်းပညာကွန်ဖရင့်၏ ဖွင့်ပွဲအခမ်းအနားကို ၁၉-၆-၂၀၂၃ ရက်တွင် ဩစတြီးယား နိုင်ငံ၊ ဗီယင်နာမြို့ရှိ Hofburg နန်းတော်၌ hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် CTBTO ၏ အမှုဆောင်အတွင်းရေးမှူး Dr. Robert Floyd က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ၏ Under-Secretary-General နှင့် လက်နက်ဖျက်သိမ်း ရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သူ Ms. Izumi Nakamitsu က video message ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် IAEA ညွှန်ကြားရေးမှူးချုပ်၊ ဆိုမာလီယာနိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံတို့မှ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် Undersecretary တို့ကလည်း အမှာစကားများပြောကြားခဲ့ကြပါသည်။

CTBTO အမှုဆောင်အတွင်းရေးမှူးက နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှုများကို အလုံးစုံတားမြစ်နိုင်ရေးအတွက် “Power of Together” အဖြစ် ကမ္ဘာ့နိုင်ငံအားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုများအား မြေပေါ်မြေအောက်၊ ရေထုလေထု၊ အသံလှိုင်းများမှတစ်ဆင့် စောင့်ကြည့်သည့် International Monitoring System (IMS) မှာ အထူးအရေးပါကြောင်း၊ ခေတ်မီတိုးတက်လာသော သိပ္ပံနည်းပညာများနှင့် အတူ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုများကိုသာမက မြေငလျင်၊ မိုးလေဝသ၊ ဆူနာမီနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်မှုများကို ပိုမိုစူးစမ်းလေ့လာနိုင်ကြောင်း၊ IMS Station များက တွေ့ရှိသည့် အချက်အလက်များကို International Data Centre (IDC)၊ National Data Centre (NDC) များမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများသို့ ပိုမိုဖြန့်ဝေပေးနိုင်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ၏ သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါကွန်ဖရင့်ကို ၁၉-၆-၂၀၂၃ ရက်မှ ၂၃-၆-၂၀၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ နိုင်ငံပေါင်း (၁၄၇) နိုင်ငံမှ သိပ္ပံနှင့်နည်းပညာကဏ္ဍမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများ၊ သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၂၀၀၀) ခန့်က in-person/ online ဖြင့် တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။