(၉-၂-၂၀၂၃ ရက် ၊ တိုကျို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားအား မြန်မာသံရုံး၊ တိုကျိုမြို့တွင် ၉-၂-၂၀၂၃ ရက်နေ့၊ (၁၁:၀၀) နာရီမှ (၁၃:၀၀) နာရီအထိ ဧရာဝတီခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်ဇနီးများ၊ ဂျပန်နိုင်ငံ အခြေစိုက်သံရုံးများမှသံအမတ်ကြီးများ/သံရုံးယာယီတာဝန်ခံများနှင့် ၎င်းတို့၏ ဇနီးများ၊ သံရုံး ဒုတိယအကြီးအကဲများနှင့် သံတမန်များ၊ စစ်သံမှူးများ၊ မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်းများမှ တာဝန်ရှိသူများ၊ Asia-Pacific Ladies Friendship Association (ALFS) မှ တာဝန်ရှိသူများ၊ Tokyo Women Club မှ တာဝန်ရှိသူများ၊ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Mr. Shigeru Iwasaki ၊ဂျပန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Koriki Jojima၊ ဂျပန်စီးပွားရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာအစိုးရ ပညာတော်သင်များနှင့်ပုဂ္ဂလိကပညာသင်များ၊ ဂျပန်နိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထား သူများ၊ စုစုပေါင်းဧည့်သည်တော် (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပထမဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂျပန်နိုင်ငံတို့၏ နိုင်ငံ တော်သီချင်းများဖွင့်လှစ်၍ နှစ်နိုင်ငံအလံတို့ကို ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ ထို့နောက် မြန်မာ သံအမတ်ကြီး ဦးစိုးဟန်မှပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားမိန့်ခွန်းကိုပြောကြားခဲ့ရာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းအကျဉ်း၊ မြန်မာနိုင်ငံ၏နိုင်ငံရေး၊စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ကိုဗစ်-၁၉ ရောဂါ၏သက်ရောက်မှုကြောင့် စီးပွားရေးကို ပြန်လည်ကုစားရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုအခြေအနေ များနှင့် အနာဂတ်ပူး ပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe နှင့် ဂျပန်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Mr. Shigeru Iwasaki၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Koriki Jojima တို့က ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ဂုဏ်ပြု မိန့်ခွန်းများကို အသီးသီး ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာသံရုံးမှ ဝန်ထမ်းလှပျိုဖြူများက“မင်္ဂလာပါ” သီချင်းအကဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံတွင် လာရောက် ပညာသင်ကြားနေကြသည့် ကျောင်းသူလေးများမှ ရခိုင်ရိုးရာဆီမီးခွက်အက၊ ခိုင်မာလာနှင်းဆီ တပင်တိုင်အကတို့ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံရှိManjushaka ယဉ်ကျေးမှုအကအဖွဲ့မှ အက ပညာရှင်များ၏ ဖျော်ဖြေခြင်းဖြင့်လည်းကောင်း တင်ဆက်ပြသခဲ့ပြီး၊တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားကို နေ့လယ် ၁၃၀၀ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။










