နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ “International Talent in Norway: International Recruitment and Workforce Integration” ဆွေးနွေးပွဲသို့ တက်ရောက်

(၂၁-၁၀-၂၀၂၆၊ အော်စလို)

​နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ ဖိလစ်ပိုင်သံရုံးနှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ (IOM) တို့ပူးတွဲ၍ ၂၁-၁၀-၂၀၂၆ ရက်၊ ၁၀၀၀ နာရီမှ ၁၁၃၀ နာရီအထိ ဖိလစ်ပိုင်သံရုံး၌ ကျင်းပသည့် “International Talent in Norway: International Recruitment and Workforce Integration” ဆွေးနွေးပွဲသို့ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ် ဒေါ်ယဉ်ပိုမြတ် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Enrico T. Fos၊ နော်ဝေနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာမှုအဖွဲ့ (IOM) မှ အကြီးအကဲ Ms. Fumiko Nagano နှင့် Rana မြူနီစီပယ်၏ မြို့တော်ဝန် Mr. Geir Morten Waage တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့သည်။ ဆက်လက်၍ နော်ဝေစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် (NHO) မှ အကြီးတန်းအကြံပေး Ms. Inger Dyrnes က နော်ဝေနိုင်ငံ၌ ကျွမ်းကျင်လုပ်သားများ ရှားပါးလာခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ နော်ဝေရှိ IOM ရုံးမှ Ms. Anna Maria Aune-Moore က နော်ဝေသို့ပြောင်းရွှေ့မည့် နိုင်ငံတကာကျွမ်းကျင်လုပ်သားများအတွက် သိမှတ်ဖွယ်ရာအွန်လိုင်းသင်တန်း (E-course) နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများက နော်ဝေနိုင်ငံ၌ နိုင်ငံတကာမှ ကျွမ်းကျင် လုပ်သားများခေါ်ယူရေး၊ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စွာ ပေါင်းစည်းရေးနှင့် ကျွမ်းကျင်လုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပံ့ပိုးကူညီပေးရေးတို့အတွက် လက်တွေ့ကျသော နည်းလမ်းများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ သံတမန်များ၊ နော်ဝေလုပ်ငန်းရှင်များနှင့် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။