နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုတြီပဗ္ဗလစ်ရှေ့နေများနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုတြီပဗ္ဗလစ်ရှေ့နေများအား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်၂၃-၁၂-၂၀၂၅ ရက်နှင့် ၂၄-၁၂-၂၀၂၅ ရက်တို့၌ နိုတြီ စာရွက်စာတမ်းများ မှန်ကန်မှုရှိစေရန်နှင့် ဆောင်ရန်ရှောင်ရန်ကိစ္စရပ်များကို ဆွေးနွေးအသိပေးခဲ့ကြ ပါသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးမှ အသိအမှတ်ပြုထားသော နိုတြီပဗ္ဗလစ်ရှေ့နေများက ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်ခြင်း အပါအဝင် အကြောင်း အမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ ထုတ်ပေးထားသည့် တရားဝင်စာရွက်စာတမ်းများကို နိုတြီဘာသာပြန်ဆိုမှု၊ မိတ္တူမှန်ဖြစ်ကြောင်း ထောက်ခံမှုစသည့် နိုတြီကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း၊ ထိုသို့ ဆောင်ရွက်ကြရာတွင် စာရွက်စာတမ်းများသည် အစစ်အမှန်များဖြစ်ရန်နှင့် တရားဝင်မှုရှိသည့် စာရွက် စာတမ်းများကိုသာ လက်ခံဆောင်ရွက်ရေးအတွက် အထူးဂရုပြုရန် လိုအပ်ကြောင်း၊ စာမေးပွဲ အောင်လက်မှတ်၊ ဘွဲ့လက်မှတ်များကို ထောက်ခံရာတွင် စာရွက်စာတမ်းစစ်မှန်မှုကို စိစစ်ဆောင်ရွက်ရေး စသည်တို့အပါအဝင် ၎င်းတို့အနေဖြင့် နိုတြီပြုလုပ်ဝန်ဆောင်မှုပေးရာတွင် သတိပြုရန်နှင့် ရှောင်ကြဉ်ရန် အချက်အလက်များ၊ သတ်မှတ်ချက်များ၊ ကန့်သတ်ချက်များကို သိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက အသိပေးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ရှေ့နေများက မေးမြန်းသည့်အချက်များကို ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုတြီဌာနစိတ်အနေဖြင့် နိုတြီပဗ္ဗလစ်ရှေ့နေများမှ နိုတြီပြုလုပ် ထောက်ခံပေးထားသော စာရွက်စာတမ်းများအပေါ်တွင် နိုတြီပဗ္ဗလစ်ရှေ့နေများ၏ တံဆိပ်နှင့် လက်မှတ်များ မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံပေးခြင်းကို သတ်မှတ်ထားသော စာရွက်စာတမ်းများ ပြည့်စုံ မှန်ကန်ပါက မြန်ဆန်စွာ ဆောင်ရွက်ပေးလျက် ရှိပါသည်။