နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

၂၇-၁၂-၂၀၂၅၊ နေပြည်တော်

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ၂၇-၁၂-၂၀၂၅ ရက်၊ (၁၄၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်  နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ထားရှိမှု ပိုမိုတိုးတက်ခိုင်မာရေးနှင့် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့်  ပြည်သူများ၏  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ပံ့ပိုးကူညီသွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန် အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။