(၆-၁၂-၂၀၂၃ ရက်၊ နယူးဒေလီမြို့)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၀) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့သို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိသွားရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ဒေသစံတော်ချိန် (၁၂၀၀) နာရီတွင် နယူးဒေလီမြို့ရှိ ဟိုက်ဒြာဘတ်အစိုးရဧည့်ဂေဟာ၌ ကျင်းပပြုလုပ်သည့် (၂၀) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲအား အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဗီနေး မိုဟန် ကွာထရာနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေး ကူမား၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ နယူးဒေလီမြို့နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ဒေသစံတော်ချိန် (၁၇၀၀) နာရီတွင် ပြည်ပရေးရာဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဂါရဝပြုခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးကိစ္စများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။



