ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံဆွေးနွေး (၆-၁၂-၂၀၂၃ ရက်)

(၆-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးများကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ၆-၁၂-၂၀၂၃ ရက် (၁၆၃၀) နာရီတွင် ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအား ပိုမိုခိုင်မာစေရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်မှ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာမီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကွန်ရက် တည်ထောင်ရေးအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွားရေးအပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ်တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့်  သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ယုံကြည်မှု၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ သင့်လျော်မည့်အချိန်တွင် ပဉ္စမအကြိမ်မြောက် ပင့်ဆောင်သွားနိုင်ရန်အတွက် နှစ်ဖက်ဆွေးနွေးခဲ့သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုခြင်းနှင့် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

******************************************************