တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်

(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ကျင်းပသည့် (၁၁) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။


အစည်းအဝေးကို တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးတို့ လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။


(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၆) ဖြင့် အဖွဲ့ဝင် နိုင်ငံများသို့ ထောက်ပံ့ပေးအပ်သည့် စီမံကိန်းများစာရင်းတို့ကို ဖြန့်ဝေခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ ဒေသအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဆယ်စုနှစ်တာကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ဂုဏ်ပြု ပြောကြားခဲ့ပြီး အဖွဲ့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းလုံခြုံရေး၊ စားနပ်ရိက္ခာ၊ ရေနှင့် စွမ်းအင် ဖူလုံမှု၊ ခေတ်မီစိုက်ပျိုးရေး၊ ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရေး စသည့်နယ်ပယ် များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။


အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာအရ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေမှ စီမံကိန်း (၁၄၀)ခု၊ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၀.၄၆) သန်းကျော်ကို ရရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။