(၁၇-၁-၂၀၂၅ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိမှ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် တီမောလက်စတေနိုင်ငံသံရုံးတို့မှ သံအမတ်ကြီးများအား ဇန်နဝါရီလ ၁၆ ရက်၊ ညနေပိုင်းက ကျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် တည်ခင်းဧည့်ခံသည့် နှစ်သစ်ကူးအလုပ်သဘောညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအလုပ်သဘောညစာစားပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိမှ အဖွင့်မိန့်ခွန်းပြောကြားရာ၌ တရုတ်-အာဆီယံဆက်ဆံရေးများကို ရေရှည်တည်တံ့ခိုင်မြဲသော ဆက်ဆံရေးအဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေသည် လျင်မြန်စွာ ဖြစ်ပေါ်ပြောင်းလဲနေသည့် အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ်ကို ပိုမိုသာယာမျှတအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂကဲ့သို့ နိုင်ငံစုံအဖွဲ့အစည်း၏ အခန်းကဏ္ဍကို ဆက်လက်ထောက်ခံ၍ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာကာ သာတူညီမျှမှုရှိသော နိုင်ငံစုံစိုးမိုးအုပ်ချုပ်သည့်ကမ္ဘာ (multipolar world) ဝါဒကို လက်ခံယုံကြည်ကြောင်း၊ တရုတ်ဝိသေသလက္ခဏာများဖြင့် ထုံမွှမ်းသော တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုပုံစံသည် နိုင်ငံအများနှင့် အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်သွားရန်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများနှင့် တီမောလက်စတေသံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးပြီး ကောင်းမွန်သော ဆက်ဆံရေးရှိပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဆင့်သို့ ၂၀၁၃ ခုနှစ်တွင် မြှင့်တင်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာမျက်နှာစာ၊ ဒေသတွင်းနှင့် နှစ်နိုင်ငံကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ ထောက်ခံကူညီဆောင်ရွက်ပေးခဲ့ခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးထားရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ အာဆီယံ၏တူညီဆန္ဒ (၅) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နှစ်သစ်ကူးတွင် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများနှင့် တီမောလက်စတေသံအမတ်ကြီးတို့မှ နှုတ်ခွန်းဆက်စကားများအသီးသီး ဆက်လက်ပြောကြားကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိမှ ပြန်လည်ဆွေးနွေးပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။


