ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ရန်ကုန်မြို့နှင့် ဆိုးလ်မြို့တို့အကြား Online + Offline Hybrid Format ဖြင့် ကျင်းပခဲ့သော KB Bank Myanmar ဖွင့်ပွဲအခမ်းအနားသို့ Video Conferencing ဖြင့် တက်ရောက် ဂုဏ်ပြုမိန့်ခွန်း ပြောကြား
(၂၇-၁-၂၀၂၁ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် (၂၇-၁-၂၀၂၁) ရက်နေ့၊ ကိုရီးယား စံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့နှင့် ဆိုးလ်မြို့တို့အကြား Online + Offline Hybrid Format ဖြင့် ကျင်းပခဲ့သော KB Bank Myanmar ဖွင့်ပွဲအခမ်းအနားသို့ Video Conferencing ဖြင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။
အဆိုပါ KB Bank Myanmar ဖွင့်ပွဲအခမ်းအနားအား မြန်မာနိုင်ငံဘက်၌ ရန်ကုန်မြို့၊ Lotte Hotel တွင် COVID-19 ကာကွယ်ရေး Social Distancing စည်းကမ်းများနှင့်အညီ သတ်မှတ်လူဦးရေဖြင့် ကျင်းပခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Lee Sang Hwa၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ UMFCC ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့်တကွ KOTRA ၊ KOICA ၊ HRD Korea ၊ KMIC Project ၊ CHID Bank ၊ KB Kookmin Bank နှင့် KB Financial Group တို့မှ တာဝန်ရှိသူများ Online/ Offline ဖြင့် စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ KB Kookmin Bank CEO မစ္စတာ ဟောအင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Mr. Lee Sang Hwa၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်တို့မှ အဖွင့်မိန့်ခွန်းနှင့် ဂုဏ်ပြုမိန့်ခွန်းများကို တက်ရောက်ပြောကြားခဲ့ကြသည့်အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းတို့မှ ဂုဏ်ပြု Video မိန့်ခွန်းများကို ပေးပို့ခဲ့ကြပါသည်။
COVID-19 ဆိုင်ရာစိန်ခေါ်မှုများ ရှိနေသည့်တိုင် ဆက်လက်တိုးတက်လျက်ရှိသော မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများကို တွင်ကျယ်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ဘဏ်လုပ်ငန်းများ၏ ဝန်ဆောင်မှုအခန်းကဏ္ဍမှာ များစွာအရေးပါလှသည့် အားလျော်စွာ ယခု KB Bank Myanmar ကဲ့သို့ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်နှင့်ဘဏ်ခွဲများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ခြင်းဖြင့် နိုင်ငံတကာ အဆင့်မီ အီလက်ထရောနစ် ဘဏ်လုပ်ငန်းများဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုပြုသူများကို ဝန်ဆောင်မှုများ ပိုမိုပံ့ပိုးဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါသည်။
ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် KB Kookmin Bank အပါအဝင် Industrial Bank of Koea (IBK) နှင့် Korea Development Bank (KDB) စသည့် ထင်ရှားသော တောင်ကိုရီးယားဘဏ် (၃) ခုတို့သည် သက်ဆိုင်ရာ ဘဏ်လုပ်ငန်း အတည်ပြုလိုင်စင်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ အသီးသီးရရှိထားပြီးဖြစ်ကြောင်း သိရှိရပါသည်။








