(၁၆-၁၀-၂၀၂၆၊ ဝါရှင်တန်ဒီစီ)
ဝါရှင်တန်ဒီစီမြို့အခြေစိုက် အာဆီယံအမျိုးသမီးအသင်း (ASEAN Spouses’ Circle) ၏ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးက ကြီးမှူး၍ အမေရိကန်နိုင်ငံဆိုင်ရာ အာဆီယံသံရုံးများက ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အာဆီယံယဉ်ကျေးမှုနေ့ (ASEAN Culture Day) အခမ်းအနားကို ၁၄-၁၀-၂၀၂၆ ရက်၊ ၁၀:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ Silver Spring Civic Center ၌ “Threads of ASEAN Sisterhood: From Traditional to Modern Attire: Weaving Peace Across the World” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးနှင့် ဇနီး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို ရိုးရာဝတ်စားဆင်ယင်မှုများ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာပုံကို အဓိကထားဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်၍ ရိုးရာယဉ်ကျေးမှုပြခန်း၊ ရိုးရာဝတ်စုံ ဖက်ရှင်သရုပ်ပြမှုနှင့် အစားအသောက်ပြခန်းဟူ၍ အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ရှေးဦးစွာ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများက အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အာဆီယံသံရုံးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာဝတ်စုံများကို သရုပ်ပြတင်ဆက်ခဲ့ကြပါသည်။ မြန်မာသံရုံးအနေဖြင့် ကုန်းဘောင်ခတ်၊ လွတ်လပ်ရေးမတိုင်မီခေတ်၊ လွတ်လပ်ရေးခေတ်ဦးနှင့် မျက်မှောက်ခေတ်ဟူ၍ ခေတ် (၄) ခေတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို ဖော်ထုတ်ပြသခဲ့ပြီး ခေတ်ကိုထင်ဟပ်စေသော အထည်အလိပ်၊ ရိုးရာဝတ်စုံများ၊ ခေတ်အဆင့်ဆင့်ပြောင်းလဲလာသည့် ဖက်ရှင်ရေစီးကြောင်းများကို ဖော်ညွှန်းသည့် ဓာတ်ပုံများနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုပစ္စည်းများကို ခင်းကျင်းပြသခဲ့သည့်အပြင် အထည်အလိပ်ရိုးရာ သမိုင်းကြောင်းကို အီလက်ထရောနစ် လက်ကမ်းစာစောင်ဖြင့် ဗဟုသုတမျှဝေခဲ့ပါသည်။ ထို့ပြင် ခေတ် (၄) ခေတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို ဖက်ရှင်သရုပ်ပြ တင်ဆက်ခဲ့ပြီး မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများဖြင့် ဧည့်သည်များကို တည်ခင်းဧည့်ခံခဲ့ပါသည်။
အခမ်းအနားသို့ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများမှ တာဝန်ရှိသူများအပါအဝင် ဧည့်သည်တော် (၂၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။




