အာဆီယံကော်မတီဝါရှင်တန်၏ လုပ်ရှားမှုအစီအစဉ်အဖြစ် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုဘဏ္ဍာရေးကော်ပိုရေးရှင်း (DFC) ၏ အမှုဆောင်အရာရှိချုပ်နှင့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ပါဝင်တက်ရောက်

(၁၆-၁၀-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် အာဆီယံကော်မတီဝါရှင်တန် (ACW) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသံအမတ်ကြီး ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်သည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (U.S. International Development Finance Corporation – DFC) ၏ အမှုဆောင်အရာရှိချုပ် Mr. Ben Black နှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ အာဆီယံသံအမတ်ကြီးများ၊ အာဆီယံသံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

အလုပ်သဘော နေ့လယ်စာစားပွဲတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေးကော်ပိုရေးရှင်း (DFC) ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် အာဆီယံနိုင်ငံများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းနိုင်မည့် ကဏ္ဍများ၊အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ၊ အထူးသဖြင့် ဒေသတွင်းချိတ်ဆက်မှု အားကောင်းစေရေး နှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။