မြန်မာနိုင်ငံသို့ အာဆီယံ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပ

(၁၁-၃-၂၀၂၂ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management- AHA Centre) မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီ ပေးအပ်မည့်ကိစ္စ မြန်မာလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ် အစည်းအဝေးကို ၁၁-၃-၂၀၂၂ ရက်၊ သောကြာနေ့၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌများဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေရာတွင် ဦးစားပေးဒေသများနှင့် ဦးစားပေးရရှိလိုသည့် အကူအညီများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များက အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဒုတိယအဆင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။