တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးမြှင့်တင်မှုအခမ်းအနားသို့ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း

(၁၆-၁၀-၂၀၂၆ ရက်၊ ကူမင်း)

ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Wyndham Grand Plaza Royale Colorful Yunnan ဟိုတယ်၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးမြှင့်တင်မှု အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ယူနန်ပြည်နယ် အရှေ့တောင်အာရှနှင့် တောင်အာရှ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်မှုအသင်း၏ ဦးဆောင်မှုဖြင့် Xiangxin Tourism Group က လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အဆင့် အဖွဲ့အစည်းများမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ကျော်နှင့် ယူနန်ပြည်နယ် ခရီးသွားလာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်က ခရီးသွားလာမှု မြှင့်တင်ရေး ဆွေးနွေးသည့် အစီအစဉ်တွင် အမှာစကားပြောကြားရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝအလှအပနေရာ များစွာရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးနှင့် ခရီးသွားလုပ်ငန်းရှင်များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်ခဲ့ပါသည်။