(၁၆-၁၀-၂၀၂၆၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့၊ ၁၃:၀၀ နာရီတွင် အော်တာဝါတက္ကသိုလ်၊ Telfer School of Management ၌ ကျင်းပပြုလုပ်သော “Building Canada–ASEAN Economic Resilience and Accelerating Market Penetration” ခေါင်းစဉ်ဖြင့် ကနေဒါ–အာဆီယံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို Canada–ASEAN Initiatives၊ Asia Pacific Foundation of Canada၊ အာဆီယံကော်မတီ (အော်တာဝါ) နှင့် York Centre for Asian Research တို့က ပူးပေါင်းစီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ သံတမန်အသိုက်အဝန်း၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အာဆီယံ ကော်မတီ (အော်တာဝါ) ၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး H.E. Muhsin Syihab က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် အထက်လွှတ်တော်အမတ် Senator Clément Gignac က မိန့်ခွန်းပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ကနေဒါ–အာဆီယံ ဈေးကွက်ဝင်ရောက်ခွင့် ပိုမိုတိုးမြှင့်ရေး၊ ကနေဒါ–အာဆီယံ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ၊ ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအပြင် စီးပွားရေးခံနိုင်ရည်ရှိမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှဒေသနှင့် အခြားဒေသများ၏ စီးပွားရေးအလားအလာများကို သုံးသပ်ဆွေးနွေးသည့် သံအမတ်ကြီးများ၏ အဖွဲ့လိုက်ဆွေးနွေးပွဲ အပါအဝင် ကျွမ်းကျင်သူများ၏ ဆွေးနွေးမှုများနှင့် အလွတ်သဘော အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ပါဝင်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသည် ကနေဒါနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမိုခိုင်မာစေရန်၊ ဒေသတွင်းစီးပွားရေး အခြေအနေများကို ပိုမို နားလည်သဘောပေါက်စေရန်နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန် အထောက်အကူပြုသည့် အခွင့်အလမ်းတစ်ရပ် ဖြစ်ခဲ့ပါသည်။



