China (Guangxi)-ASEAN International Building Products and Machinery Expo သို့ မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဇော်အေးနှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့တက်ရောက်

(၂-၁၂-၂၀၂၅ ရက်၊ နန်နင်း)

 တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂-၁၂-၂၀၂၅ ရက်မှ ၄-၁၂-၂၀၂၅ ရက်အထိ ကျင်းပသည့် China (Guangxi) – ASEAN International Building Products and Machinery Expo ၏ ဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးနှင့် နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းအသင်း ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးချုပ်ဖြစ်သည့် Mr. Xian Daqing၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အိမ်ယာနှင့် မြို့ပြကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပါတီအဖွဲ့ဝင် Mr. Cui Lei ၊ မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ မြေယာစီမံခန့်ခွဲမှု၊ မြို့ပြစီမံကိန်းရေးဆွဲမှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Chhann Sorphal တို့ကတက်ရောက်၍  မိန့်ခွန်းများပြောကြားခဲ့ပါသည်။ 

  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးမှ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့်ရှည်လျားသော ပူးပေါင်းဆောင်ရွက်မှုကို အလွန်အလေးထား ပါကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် တရုတ် – မြန်မာစီးပွားရေးစင်္ကြံတို့မှ တစ်ဆင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးနှင့် ပြည်သူချင်းကူးလူး ဆက်သွယ်မှု ဖွံ့ဖြိုးရေးအတွက် အခွင့်အလမ်းသစ်များဖန်တီးနိုင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် မြို့ပြအခြေခံ အဆောက်အအုံများ၊ နေအိမ်များ၊ ခေတ်မီမြို့ပြဖွံ့ဖြိုးရေး၊ မြို့ပြစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေး ဆန်းသစ်တီထွင်မှုနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများကို ကြိုဆိုပါ ကြောင်း၊ ထို့အပြင် တရုတ်-မြန်မာနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့်ဆက်သွယ်မှု၊ ဘေး အန္တရာယ်ခံနိုင်မှုတို့တွင် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် အနာဂတ်တစ်ရပ်ကို တည်ဆောက် ရန် အတူလက်တွဲလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဖိုရမ်သို့ အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွမ်ရှီးဒေသ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားထားသောဧည့်သည် စုစုပေါင်း (၅၀၀)ကျော် တက်ရောက် ခဲ့ကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ ကောင်စစ်ဝန်ချုပ်နှင့် တက်ရောက်လာကြသော အထူး ဧည့်သည်တော်များက စင်ပေါ်တက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။