တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ အာဆီယံ-တရုတ် ရက်သတ္တပတ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ခြင်း

(၂၅-၁၁-၂၀၂၆၊ ပေကျင်း)

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၅ ရက်ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ-တရုတ် ရက်သတ္တပတ် ၂၀၂၆ (ASEAN-China Week 2026) အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့်အစိုးရအရာရှိများ၊ သံတမန်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံသီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ကာ “The Story of Synergy” အမည်ရှိ အာဆီယံ-တရုတ် ရက်သတ္တပတ် ၂၀၂၆ အထူးမှတ်တမ်းရုပ်ရှင်ကို ပြသခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက အဖွင့်အမှာစကားအသီးသီး ပြောကြား၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ချုံချင့်မြူနီစီပယ်ကော်မတီ အတွင်းရေးမှူး H.E. Mr. Yuan Jiajun က တရားဝင်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်နိုင်ငံနှင့် ဒေသတွင်းအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများ ပါဝင်သည့် ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပခဲ့ရာ သံအမတ်ကြီးမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားများသို့ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အပါအဝင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။