ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်မည့် အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း

(၂၅-၁၁-၂၀၂၆၊ ကူမင်း)

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်သည် ၂၄-၁၁-၂၀၂၆ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ CRCC · Xipai International Center ၌ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ IDG နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့နှင့် မလေးရှား-တရုတ် ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်မည့် အခွင့်အလမ်းများဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအသောက်ထုတ်လုပ်ရေးကဏ္ဍ၊ အထည်အလိပ်နှင့် လက်ခစားကုန်ထုတ်လုပ်မှု (CMP) လုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ (သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်း၊ နေရောင်ခြည်စွမ်းအင်နှင့် ရေအားလျှပ်စစ်)၊ သတ္တုနှင့် ဓာတ်သတ္တုထုတ်လုပ်ရေးကဏ္ဍ၊ အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ သံမှူးကြီး ဒေါ်ဥမ္မာဦးနှင့် စီးပွားရေးသံမှူး ဒေါ်ခင်မြမြထွေးတို့က မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ အခွန်ကင်းလွတ်ခွင့်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးစားပေးကဏ္ဍများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မှုများ တိုးတက်လာစေရေးအတွက် အခွင့်အလမ်းများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။