(၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

(၁၈-၁၁-၂၀၂၆၊ မနီလာ)

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ဒေသတွင်း စွမ်းအင် ဖူလုံရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ပထဝီနိုင်ငံရေးအကျပ်အတည်းများမှရရှိသည့် သင်ခန်းစာများ၊ အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနှင့် ပြင်ပမိတ်ဖက်များ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံနှင့် ဆွေးနွေးဖက်မိတ်ဖက်နိုင်ငံ များဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ကုလသမဂ္ဂတို့နှင့် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများ၊ အာဆီယံအပေါင်းသုံးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များဆိုင်ရာညီလာခံ၊ အာဆီယံ စီးပွားရေးအကြံပေးကောင်စီနှင့် အာဆီယံလူငယ်များအကြားမျက်နှာစုံညီတွေ့ဆုံပွဲများသို့ ပါဝင်တက်ရောက်ခဲ့သည်။ မိတ်ဖက်နိုင်ငံများနှင့်ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာနိုင်ငံများနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများသာမက ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ထိပ်သီးအစည်းအဝေးကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၆-၁၁-၂၀၂၆ ရက်တွင် တတိယအကြိမ် မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကိုလည်းကောင်း၊ ၁၇-၁၁-၂၀၂၆ ရက်တွင် (၁၃) ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကိုလည်းကောင်း ပါဝင်တက်ရောက်ခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ဒေသတွင်းစွမ်းအင်နှင့် စားရေရိက္ခာဖူလုံရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့သည်။

ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံအစိုးရ၏ အဓိကဦးစားပေးလုပ်ငန်းစဉ် (၂) ရပ်အပါအဝင် အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ/ ရှေ့လုပ်ငန်းစဉ် များနှင့်အညီ ဆောင်ရွက်ချက်များ၊ အာဆီယံရေးရာကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ၁၄-၁၁-၂၀၂၆ ရက် တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၃၉)ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးတို့သို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

(၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် “မိမိတို့၏ အနာဂတ်ဆီ အတူတကွလျှောက် လှမ်းချီ” ခေါင်းစဉ်အောက်တွင် ကျင်းပခဲ့ပြီး၊ အစည်းအဝေး၏ရလဒ်အဖြစ် ရေကြောင်းလုံခြုံရေး၊ စားရေရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ရွှေ့ပြောင်းလုပ်သားများအရေး၊ ရာသီဥတု ပြောင်းလဲရေး၊ သဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေး၊ ဉာဏ်ရည်တုစနစ် (AI) ဖြင့် အုပ်ချုပ်မှုနှင့် ဒီဂျစ်တယ် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ချိတ်ဆက်ရေး၊ ကျားမတန်းတူညီမျှရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ် ရေး စသည့်အာဆီယံမဏ္ဍိုင် (၃) ရပ်ရှိ ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် လုပ်ငန်းစဉ်များ၊ ကတိကဝတ်များပါဝင်သည့် စာရွက်စာတမ်းစုစုပေါင်း (၁၁၇)ခု ကို မှတ်တမ်းတင်၊ အတည်ပြု၊ ထုတ်ပြန်ခဲ့သည်။