(၆-၁၁-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှပစိဖိတ်နှင့် အာဖရိကရေးရာ ဒုတိယဝန်ကြီး ဒေါက်တာ ဆန်တို ဒါမိုဆူမာတို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၆-၁၁-၂၀၂၆ ရက်(သောကြာနေ့)၊ ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ ဒုတိယဝန်ကြီးတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံမူဘောင်အောက်၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ချက်များ၊ အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ ပြန်လည်ရရှိရေးကိစ္စရပ်များ၊ မကြာမီကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံ၏ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ် ပြုကြောင်း၊ အစိုးရအနေဖြင့် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုရရှိရေး” တို့ကို ဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသား အကျိုးစီးပွားတို့ကို ထိခိုက်မှုမရှိစေဘဲ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် အာဆီယံရေးရာကော်မတီဖွဲ့စည်း၍ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အတတ်နိုင်ဆုံး တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်၍ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေး ပြန်လည်ရရှိရေးနှင့်ပတ်သက်၍ အလေးထား ဆွေးနွေးပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယခုခရီးစဉ်အတွင်း မြန်မာ နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အချက်အလက်များကို သိရှိမှတ်သားရကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အားပေးထောက်ခံလျက်ရှိသည့် ကိစ္စ ရပ်များ၊ မြန်မာဦးဆောင်သည့် မြန်မာနည်းလမ်းဖြင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ကို မြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အလေးထားဆွေးနွေးခဲ့သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ MGallery Sofitel ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်


