အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေး သည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
သံအမတ်ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ၆-၁၁-၂၀၂၆ ရက်၊ ၁၆:၀၀ နာရီအချိန်တွင် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၊ အာသောကခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနား၌ အိန္ဒိယသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးနှင့်အတူ မာလီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Fatoma Thera၊ မာဒါဂက်စကာသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Georget Mandehatsara၊ အီကွေတိုရီယယ်ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Miguel Edjang Angue တို့ကလည်း အိန္ဒိယသမ္မတ နိုင်ငံသမ္မတ ရှရီမတီ ဒရောပါဒီ မာမူ ထံသို့ ခန့်အပ်လွှာများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
သံအမတ်ခန့်အပ်လွှာ ပေးအပ်ပြီးနောက် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီမတီ ဒရောပါဒီ မာမူ နှင့် မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေး တို့ တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြှင့်စေရန် အထူးကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုဆိုင်ရာကဏ္ဍများတွင်လည်း ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယ နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးနေမှုများအတွက် မြန်မာနိုင်ငံအစိုးရ ကိုယ်စား အိန္ဒိယနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေ ပြည် တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်




