(၉-၁၂-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံတမန်သင်တန်းကျောင်း၊ သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်းအမှတ်စဉ်(၁/၂၀၂၅)၊ ရန်ကုန်နှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/ သူများသည် တာဝန်ရှိသူများလိုက်ပါလျက် ၈-၁၂-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် လေ့လာရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့ရှိ အိန္ဒိယယဥ်ကျေးမှုစင်တာသို့ သွားရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Shri Abhay Thakur က သံတမန်ရေးရာနှင့် မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေးဆိုင်ရာများကို ဆွေးနွေးပို့ချခဲ့ပါသည်။ သံရုံးဒုတိယအကြီးအကဲ Mr. Shri Ashish Sharma က အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ဆောင်ရွက် လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ကောင်စစ်ရေးရာများ၊ ဖွံ့ဖြိးမှုမိတ်ဖက် စီမံကိန်းများ၊ စီးပွားရေးနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး၊ သင်တန်းသား/သူ များက မေးခွန်းများမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အိန္ဒိယသံအမတ်ကြီးက သင်တန်းသား/သူများကို အိန္ဒိယရိုးရာအစားအစာများဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနသို့ သွားရောက်လေ့လာခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာဝင်းမာလှိုင်က Current Trends in International Relations: Changing Global Power Dynamic ခေါင်းစဥ်ဖြင့် သင်ခန်းစာဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းသားများအနေဖြင့် ပို့ချခဲ့သော သင်ခန်းစာနှင့်စပ်လျဥ်း၍ ပြောင်းလဲလာသည့် နိုင်ငံတကာဆက်ဆံရေးအခြေ အနေများ၊ မျက်မှောက်ခေတ်ကမ္ဘာ့နိုင်ငံရေးလားရာများကို ပါမောက္ခ(ဌာနမှူး)၊ တက်ရောက် လာသည့် ပါမောက္ခများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီး ရန်ကုန်တက္ကသိုလ်ပရဝုဏ် အတွင်းသို့ လှည့်ပတ်လေ့လာခဲ့ကြပါသည်။

