မြန်မာသံအမတ်ကြီးက အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အစ္စလာမ်အဖွဲ့အစည်း Nandlals Ulama ၏ နယ်သာလန်နိုင်ငံဆိုင်ရာအထူးအမှုဆောင်ရုံးခွဲ (PCINU Belanda) ၏ ဥက္ကဋ္ဌနှင့် တွေ့ဆုံ(၂၁-၅-၂၀၂၄ ရက်)

(၂၁-၅-၂၀၂၄ ရက်၊ သည်ဟိတ်)

ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၁-၅-၂၀၂၄ ရက်၌ အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာရေးအစွန်းရောက်မှုများ ဟန့်တားရန်နှင့် လူမှု အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ် ဖွဲ့စည်းထားသည့် NahdlatulUlama ၏ နယ်သာလန်နိုင်ငံဆိုင်ရာ အထူးအမှုဆောင်ရုံးခွဲ(PCINU Belanda) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Nur Ahmad နှင့် သည်ဟိတ်မြို့ရှိ ၎င်းတို့၏ ရုံး၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံမှုတွင် မြန်မာသံအမတ်ကြီးနှင့် PCINU Belanda ၏ ဥက္ကဋ္ဌ Mr. Nur Ahmad တို့က PCINU Belanda အနေဖြင့် နယ်သာလန်နိုင်ငံရှိ ပြတိုက်များသို့ ရောက်ရှိ လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးမရမီကာလက အင်ဒိုနီးရှားမှ နယ်သာလန်သို့ သယ်ဆောင်ခံခဲ့ရသည့် အင်ဒိုနီးရှား၏ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများအား ပြန်လည် သုတေသနပြု ဖော်ထုတ်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ရသည့်လှုပ်ရှားမှုတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံနှင့် အခက်အခဲများ၊ အမွေအနှစ်ပစ္စည်းများအား အင်ဒိုနီးရှားသို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွင် အစိုးရချင်း ချိတ်ဆက်မှု(government to government) လမ်းကြောင်းမှ သာမကသက်ဆိုင်ရာ ပညာရပ် နယ်ပယ်မှ အသိုက်အဝန်းချင်း ချိတ်ဆက်မှု (people to people) လမ်းကြောင်းမှပါ တစ်ပြိုင်နက်တည်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေး မရမီကာလအတွင်း မိမိတို့နိုင်ငံမှ ယူဆောင်ခံခဲ့ရသည့် ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများအား ပြန်လည်ရယူရန် ကြိုးပမ်းမည်ဆိုပါက ဥပဒေကြောင်းနှင့် သံတမန်ရေးအရ ဆက်နွှယ် တွေ့ကြုံလာနိုင်သည်များကိုပါ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

Nahdlatul Ulama (NU) သည် ၁၉၂၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင် အဖွဲ့ဝင်ပေါင်း (၉၅) သန်းကျော် ပါဝင်သည့် အကြီးဆုံး အစ္စလာမ်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ PCINU ရုံးခွဲများကို ဥရောပတိုက်တွင် နယ်သာလန်၊ ဂျာမနီ၊ ဗြိတိန်နှင့် တူနီးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်၊ အီဂျစ်၊ ကာတာ၊ ရုရှား၊ ကိုရီးယား၊ ဟောင်ကောင်၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ အစရှိသည့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၂၇) နိုင်ငံ တို့တွင်လည်း ဖွင့်လှစ်ထားရှိသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ PCINU Belanda ကို ဥက္ကဋ္ဌ Mr. Nur Ahmad အပါအဝင် နယ်သာလန်ရောက် အင်ဒိုနီးရှား ပညာတော်သင်ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော အလှည့်ကျဘုတ်အဖွဲ့က ဦးဆောင်လှုပ်ရှားလျက်ရှိကြောင်း သိရှိရပါသည်။

*********************