(၂၃-၅-၂၀၂၄ ရက်၊ ပေကျင်း)
မြန်မာ-တရုတ် ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်ရေးအတွက် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့ရှိ ကျောင်းများမှ ကျောင်းသား ကျောင်းသူများအတွက် Envoy of International Cultural Exchange Program တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်တွင် မြန်မာသံရုံး၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာသံအမတ်ကြီးမှ ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုမိတ်ဆက် အမှာစကားပြောကြားခဲ့ပြီး ကာလရှည်ကြာစွာ တည်ရှိနေသည့် မြန်မာ-တရုတ် ချစ်ကြည် ရင်းနှီးမှုကို နောင်အနာဂတ်တွင် ဆက်လက်တိုးတက်မြင့်မားစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြော ကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာသံရုံး၊ ပေကျင်းမြို့ ပညာရေးသံမှူးမှ တရုတ်ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ချင်းတောင်မြို့ရှိ ကျောင်းများမှ တရုတ် ကျောင်းသား/သူ ၈၀ ဦးပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
****************************************



