The Asia-Pacific Festival & Charity Bazaar 2024 ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ပြသရောင်းချ (၂၆-၃-၂၀၂၄ ရက်)

(၂၆-၃-၂၀၂၄ ရက်၊ တိုကျို)

ဂျပန်နိုင်ငံရှိ The Asia- Pacific Ladies friendship Society (ALFS) အဖွဲ့ကြီးမှ ကြီးမှူး ကျင်းပသည့် The Asia-Pacific Festival & Charity Bazaar 2024 ဈေးပွဲတော်အား ၂၆-၃-၂၀၂၄ ရက်တွင် တိုကျိုမြို့ရှိ Meiji Kinenkan ခန်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများ၊ စားသောက်ကုန်များ ပါဝင်ခင်းကျင်း ပြသရောင်းချခဲ့ပါသည်။ The Asia- Pacific Ladies friendship Society (ALFS) အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် အာရှ-ပစိဖိတ်ဒေသ နိုင်ငံများရှိ သံရုံးပေါင်း (၂၆) ရုံးမှ သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ ဂျပန်အမျိုးသမီး အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများနှင့် ဂျပန်ပြည်သူများအကြား ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်းဖြင့် ခင်မင်ရင်းနှီးမှု မြှင့်တင်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား လူမှုရေး၊ ပညာရေးကဏ္ဍများတွင် ပါဝင်ဖြည့်ဆည်း အထောက်အကူ ပြုရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းကာ အပြန်အလှန် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ The Asia-Pacific Festival & Charity Bazaar 2024 ဈေးပွဲတော်သို့ တော်ဝင်မင်းသမီး H.I.H Princess Hanako Hitachi ၊ ဂျပန်ဝန်ကြီးချုပ်၏ဇနီး Mrs. Yuko Kishida ၊ The Asia- Pacific Ladies friendship Society ၏ ဥက္ကဋ္ဌ Mrs. Haruko Komura နှင့် အဖွဲ့ဝင်များ၊ တိုကျိုမြို့အခြေစိုက် အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ၏ သံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်ဇနီးများ၊ သံရုံးဒုတိယအကြီးအကဲများ၊ သံတမန်များ၊ တက်ရောက်ခဲ့ကြပြီး ဈေးပွဲတော်သို့ ဂျပန်နိုင်ငံသားများအပါအဝင် ဧည့်သည်စုစုပေါင်း (၃,၀၀၀) ကျော် လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ပထမဦးစွာ ဂျပန်ဝန်ကြီးချုပ်၏ဇနီး Mrs. Yuko Kishida ၊ ALFS ဥက္ကဋ္ဌ Mrs. Haruko Komura နှင့် တိုကျိုမြို့ အခြေစိုက် အာရှပစိဖိတ်ဒေသရှိနိုင်ငံများ၏ သံရုံးများမှ သံအမတ်ကြီးများ၊ ဇနီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံးဒုတိယအကြီးအကဲများ၊ နိုင်ငံအလိုက် အမျိုးသားဝတ်စုံဆင်ယင်ထားသည့် ကိုယ်စားလှယ် များနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် The Asia-Pacific Festival & Charity Bazaar 2024 သို့ တက်ရောက်လာသည့် တော်ဝင်မင်းသမီး H.I.H Princess Hanako Hitachi မှ သံရုံးတစ်ရုံးချင်းစီအလိုက် သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးကိုယ်စားလှယ်များအား လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် သံရုံးများနှင့် ဂျပန်ကုမ္ပဏီအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဈေးရောင်းပွဲတော်သို့ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအပြင် အာရှ ပစိဖိတ်ဒေသနိုင်ငံများရှိ သံရုံး (၁၉) ရုံးမှ ဆိုင်ခန်းများ ဖွင့်လှစ်၍ မိမိနိုင်ငံအလိုက် ရိုးရာအစားအစာများ၊ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းများအား ခင်းကျင်းပြသ ရောင်းချခဲ့ကြပါသည်။ The Asia-Pacific Festival & Charity Bazaar 2024 တွင် မြန်မာသံရုံးမှ ဆိုင်ခန်း ဖွင့်လှစ်၍ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် ကျောက်စိမ်း လက်ဝတ်ရတနာများ၊ မြန်မာ့ငွေထည်ပစ္စည်းများ၊ မြန်မာ့ရွှေချည်ထိုး၊ ငွေချည်ထိုး အသုံး အဆောင်များ၊ မြန်မာ့သစ်သားဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့အစား အသောက်များ၊ မြန်မာ့ကော်ဖီထုတ်ကုန်များ၊ မြန်မာ့ဝါးအား ဂျပန်နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရှိရပါသည်။