(၂၆-၃-၂၀၂၄ ရက်၊ ဘရပ်ဆဲလ်)
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၆-၃-၂၀၂၄ ရက်တွင် အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံခြားရေး၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲအဖြစ် ခန့်အပ် ခြင်းခံရသည့် သံအမတ်ကြီး H.E. Mr. Hubert Roisin အား သံတမန်ရေးရာဦးစီးဌာနတည်ရှိရာ ဘရပ်ဆဲလ်မြို့၊ Egmont Palace ၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက အိမ်ရှင်ဘယ်လ်ဂျီယံနိုင်ငံခြားရေး၊ နိုင်ငံခြား ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ သံတမန်ရေးရာဦးစီးဌာန အနေဖြင့် မြန်မာသံရုံးနှင့် သံတမန်ဝန်ထမ်းများ၏ လုံခြုံရေး၊ သံတမန်ဆိုင်ရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ သံတမန်ဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာနှင့် သက်သေခံအထောက်အထား ကတ် (Diplomatic Identity Card) လျှောက်ထားပြုလုပ်ခြင်းများဆိုင်ရာ ကိစ္စရပ်များတွင် သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

