(၈-၁၂-၂၀၂၃ ရက်၊ ရီရတ်ဒ်)
ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ၈-၁၂-၂၀၂၃ ရက်နေ့တွင် ၂၀၂၃ ခုနှစ်အတွက် အာဆီယံ-ရီရတ်ဒ်ကော်မတီ (ASEAN-Riyadh Committee) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဗီယက်နမ်သံရုံးက ကြီးမှူးကျင်းပသည့် ASEAN Family Day အခမ်းအနားနှင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံ-ရီရတ်ဒ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ရီရတ်ဒ်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ASEAN Family Day ကျင်းပရန် နေရာစီစဉ်ခွင့်ပြုပေးသည့် ဖိလစ်ပိုင်သံရုံးယာယီတာဝန်ခံ Mr. Rommel Romato က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ၂၀၂၃ ခုနှစ်၏ လက်ရှိဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Dang Xuan Dung က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ အာဆီယံ-ရီရတ်ဒ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Abdul Aziz Ahmad ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အင်ဒိုနီးရှားသံအမတ်ကြီးက အာဆီယံ-ရီရတ်ဒ် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ASEAN Family Day အခမ်းအနားကို ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ မိမိတို့နိုင်ငံအလိုက် အစားအစာများဖြင့် တည်ခင်းဧည့်ခံကြပြီး ကစားပွဲများနှင့် ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။




