ချက်သမ္မတနိုင်ငံ၊ ဘာနိုမြို့တွင်ကျင်းပသည့် (၆၄)ကြိမ်မြောက် နိုင်ငံတကာအင်ဂျင်နီယာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက် (၁၀-၁၀-၂၀၂၃ ရက်)

(၁၀-၁၀-၂၀၂၃ ရက်၊ ပရာ့ဂ်)

မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် ချက်သမ္မတနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဘာနိုမြို့ရှိ Brno Exhibition Center ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်၊ ညနေပိုင်းတွင်ကျင်းပသည့် (၆၄)ကြိမ်မြောက် နိုင်ငံတကာအင်ဂျင်နီယာပြပွဲ [The 64th International Engineering Fair (MSV Brno)]၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ချက်နိုင်ငံဝန်ကြီးချုပ် H.E. Petr Fiala ၊ ဥဇဘက်ကစ္စတန်နိုင်ငံဝန်ကြီးချုပ် H.E. Abdulla Nigmatovich Aripov ၊ ချက်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး H.E. Jozef Sikela၊ ချက်အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Karel Havlicek၊ ချက်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ Mr. Zdenek Zajicek၊ ချက်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ Mr. Jan Rafaj တို့က အသီးသီးမိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ပြပွဲသို့တက်ရောက်သည့် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ၊ ဖိတ်ကြားထားသည့်သံတမန်များ၊ ချက်နိုင်ငံရှိ အင်ဂျင်နီယာတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပြပွဲတွင်ပြသကြမည့် ကုမ္ပဏီများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ စွန့်ဦးတီထွင်ထုတ်လုပ်ခဲ့ကြသည့် ကုမ္ပဏီများကို ကဏ္ဍအလိုက် ဆုများချီးမြှင့်ခဲ့ကြပါသည်။

ယခုခင်းကျင်းပြသမည့် နိုင်ငံတကာအင်ဂျင်နီယာပြပွဲသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် အကြီးကျယ်ဆုံးနှင့် နှစ်ပေါင်း (၆၀)ကျော် အစဉ်အလာရှိသည့်ပြပွဲကြီးဖြစ်ပြီး ပြပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဆက်သွယ်ရေးနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာကဏ္ဍများတွင် ဦးစားပေး၍ ၁၀-၁၀-၂၀၂၃ ရက်နေ့မှ ၁၃-၁၀-၂၀၂၃ ရက်နေ့အထိ ချက်၊ ဥဇဘက်ကစ္စတန်၊ အမေရိကန်၊ တရုတ်၊ ယူကရိန်း၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ဂျာမနီ၊ ပြင်သစ်အပါအဝင် ဥရောပနိုင်ငံများစွာမှ အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။