(၂၈၂) ကြိမ်မြောက် အာဆီယံကော်မတီ (အော်တာဝါ) အစည်းအဝေးနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့်ပြုလုပ်သည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ပါဝင်တက်ရောက် (၁၀-၁၀-၂၀၂၃ ရက်)

(၁၀-၁၀-၂၀၂၃ ရက်၊ အော်တာဝါ)

အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့်ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၈၂) ကြိမ်မြောက်အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားသံအမတ်ကြီး H.E. Anizan Siti Hajjar Adnin ကကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ ၁၀၃၀ နာရီတွင် ၎င်း၏နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ 

အစည်းအဝေးတွင် အာဆီယံကော်မတီ(အော်တာဝါ) ၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လှုပ်ရှားမှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်အဆင့်သို့ တိုးမြှင့်ရေးဆိုင်ရာပူးတွဲကြေညာချက်အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ (၆-၉-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံ-ကနေဒါထိပ်သီးအစည်းအဝေး၏ ရလဒ်များ၊ အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးမူဘောင်အောက်မှ အာဆီယံနှင့်ကနေဒါအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို အာဆီယံကော်မတီ (အော်တာဝါ) နှင့် ကနေဒါနိုင်ငံအခြေစိုက် Canada-ASEAN Initiatives တို့က ပူးတွဲကျင်းပပြုလုပ်မည့်ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။ 

ဆက်လက်၍ အာဆီယံသံအမတ်ကြီးများသည် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဌာန၏အကြီးအကဲ Mr. Sebastian Carriere နှင့် အရှေ့တောင်အာရှနှင့် အိုရှင်းနီးယားဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Alan Bowman တို့နှင့်အတူ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရှိရပါသည်။