မြန်မာနိုင်ငံ၌ မုတ်သုန်ရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် ဆက်စပ်ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးဝါး၊ အာဟာရပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာများ သယ်ဆောင်လာသော ဥရောပသမဂ္ဂ၏ ကုန်တင်လေယာဉ် (၁) စီးသည် ဘယ်လ်ဂျီယံနိုင်ငံ၊ Liege မြို့မှ ထွက်ခွာလာခဲ့ပြီး ၁၁-၉-၂၀၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
အဆိုပါ ကုန်တင်လေယာဉ်တွင် သယ်ဆောင်လာသည့် ဆေးဝါး၊ အာဟာရပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိရိယာပစ္စည်းများအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (European Civil Protection and Humanitarian Aid Operations-ECHO) ၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF နှင့် UNFPA တို့ထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများအား UNICEF နှင့် UNFPA တို့မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် ပြည်သူများထံသို့ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်




