အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အင်ဒိုနီးရှားသံအမတ်ကြီးမှ တည်ခင်းသော နေ့လည်စာစားပွဲသို့ အခြား အာဆီယံသံအမတ်ကြီးများ၊ မိသားစုများနှင့်အတူ တက်ရောက်

(၂၀-၃-၂၀၂၆ ရက်၊ အဘူဒါဘီ)

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်၊ သောကြာနေ့၊ ၁၃:၃၀ နာရီမှာ အာရပ်စော်ဘွားများ ပြည် ထောင်စုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် အင်ဒိုနီးရှား သံအမတ်ကြီးမှ ယင်း၏နေအိမ်တွင် ရာမဒန်လ ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် အာဆီယံသံအမတ်ကြီးများနှင့် မိသားစုများအား တည်ခင်းသည့် အလွတ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

နေ့လယ်စာစားပွဲတွင် အင်ဒိုနီးရှား သံအမတ်ကြီးက ရာမဒန်လ ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် အာဆီယံမိသားစုများအား တည်ခင်းဧည့်ခံခွင့်ရရှိပြီး လုံခြုံဘေးကင်းစွာ ရှိနေသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ဒေသတွင်း အခြေအနေများ အမြန်ဆုံး တည်ငြိမ်အေးချမ်းမှုရရှိရေးကို ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ နေ့လယ်စာ စားသုံးနေစဉ် သံအမတ်ကြီးများသည် ဒေသတွင်းဖြစ်ပေါ် တိုးမြင့်လာမှုများ၊ နိုင်ငံသားများကို ကူညီစောင့်ရှောက်ပေးနေမှုများ၊ ယူအေအီးနိုင်ငံမှ ထုတ်ပြန်ထားသည့် လုံခြုံရေးဆိုင်ရာ သတိပေးချက်များ၊ လူမှုကွန်ယက်များတွင် ဖော်ပြမှုမပြုသင့်သည့် ကိစ္စရပ်များ လိုက်နာရန် လိုအပ်မှုနှင့် ပဋိပက္ခများ ပြီးဆုံးရေးအတွက် အိမ်ရှင်နိုင်ငံ၏ ရပ်တည်ချက်များ၊ တွေ့ဆုံဆွေးနွေးမှုများနှင့် သံတမန်ရေး နည်းလမ်းများမှတစ်ဆင့် ဆောင်ရွက်သင့်မှုများအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။