(၁၃-၁၀-၂၀၂၃ ရက်၊ နေပြည်တော်)
၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပပြုလုပ်သည့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (ဂျီစီစီ) ဆက်ဆံရေးဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၏ ပူးပေါင်းညှိနှိုင်းရေးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံ-ဂျီစီစီဆွေးနွေးဘက် ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံအဆင့်မြင့်အရာရှိကြီး H.E. Dato Sri Amran Mohamed Zin က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံ-ဂျီစီစီပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ ဆော်ဒီအာရဗျနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံ-ဂျီစီစီထိပ်သီးအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရေးကိစ္စများ၊ အာဆီယံ-ဂျီစီစီပူးပေါင်းဆောင်ရွက်ရေး အခြေခံမူဘောင်နှင့် အာဆီယံ-ဂျီစီစီထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်ထုတ်ပြန်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



