အာဆီယံမိသားစု ချစ်ကြည်ရေးဘိုးလင်းအားကစားပြိုင်ပွဲသို့ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ ပါဝင်ဆင်နွှဲ (၂၁-၁-၂၀၂၅)

(၂၁-၁-၂၀၂၅၊ ဖနောင်ပင်)

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့အခြေစိုက် အာဆီယံသံရုံးများ ပူးပေါင်းစီစဉ်ကျင်းပသည့် အာဆီယံဖနောင်ပင်ချစ်ကြည်ရေးဘိုးလင်းအားကစားပြိုင်ပွဲကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ၂၁ရက်၊ ညနေ (၁၆၀၀)အချိန်တွင် ဖနောင်ပင်မြို့ရှိ Probowl Sports Academy ၌ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီးဦးဆောင်လျက် သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

အဆိုပါဘိုးလင်းအားကစားပြိုင်ပွဲသို့ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mrs. Eat Sophea နှင့် အာဆီယံသံရုံးများကိုယ်စား အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr.Shaharuddin Onn တို့က အဖွင့်မိန့်ခွန်းအသီးသီးပြောကြားခဲ့ကြပါသည်။ ထို့နောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အာဆီယံသံရုံး(၉)ရုံး နှင့်တီမောလက်စတေသံရုံးတို့မှ စုစုပေါင်းပြိုင်ပွဲဝင် (၁၀၀)ဦးတို့ကို နိုင်ငံစုံပါဝင်သည့်အဖွဲ့(၂၀)ခွဲလျက် ပွဲစဉ်(၂)ပွဲဖြင့် ချစ်ကြည်ရင်းနှီးစွာ ကစားခဲ့ကြပါသည်။ အားကစားပြိုင်ပွဲကျင်းပနေစဉ် နိုင်ငံအလိုက် မြူးကြွသည့် ရိုးရာသီချင်းများ၊ ရိုးရာအစားအသောက်များဖြင့် မိတ်ဆက်တည်ခင်းဧည့်ခံခဲ့ကြပါသည်။ဆက်လက်၍ ပြိုင်ပွဲဝင်များနှင့်အားပေး ပံ့ပိုးသူများအားလုံးအတွက် ကံစမ်းမဲရွေးချယ်သည့်အစီအစဉ်ကို ကျင်းပခဲ့ပြီး ဆုရရှိသူများအား အသီးသီးဆုချီးမြင့်ခဲ့ကာ ညနေ(၁၈၃၀)အချိန်တွင် ပြိုင်ပွဲကျင်းပမှုအစီအစဉ် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။ 

*******************************