(၁၄-၉-၂၀၂၆၊ ဘရပ်ဆဲလ်)
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ ဘရပ်ဆဲလ်မြို့တွင် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ASEAN-Brussels Committee – ABC)နှင့် ဘရပ်ဆဲလ်မြို့သို့ အလုပ်သဘောခရီးစဉ် လာရောက်လျက်ရှိသည့် အာဆီယံပါလီမန်များညီလာခံ (ASEAN Inter-Parliamentary Assembly – AIPA) အတွင်းရေးမှူးချုပ် Dr. Chem Widhya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အကြား ကျင်းပခဲ့သည့် အလုပ်သဘောညစာစားပွဲသို့ ဘရပ်ဆဲလ်မြို့အခြေစိုက် မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဒေါက်တာ ခင်သီတာအေး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် သံအမတ်ကြီးက အတွင်းရေးမှူးချုပ်၏ AIPA နှင့် ဥရောပပါလီမန်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည့် သံတမန်ရေးခရီးစဉ်ကို ကြိုဆိုကာ မြန်မာ့လွှတ်တော်များဆိုင်ရာ တိုးတက်မှုများကို မျှဝေခဲ့ပါသည်။ အထူးသဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူများ၏ တာဝန်ပေးမှုဖြင့် တိုင်းရင်းသားလူမျိုးစုံ၊ ပါတီစုံကိုယ်စားပြုကိုယ်စားလှယ်များ ပါဝင်သည့် မြန်မာ့လွှတ်တော်အသီးသီးသည် ၂၀၂၆ ခုနှစ် မတ်လတွင် လုပ်ငန်းစတင်လျက်ရှိကြောင်း၊ မြန်မာ့လွှတ်တော်များသည် ပြည်သူ့မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဦးတည်ကာ ဥပဒေပြုရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ တာဝန်စတင်စဉ်မှ ယနေ့အထိ ဥပဒေကြမ်း (၈) ခု ဆွေးနွေးခဲ့ပြီး၊ ယင်းတို့အနက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ဥပဒေ (၃) ရပ် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ AIPA အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာ့လွှတ်တော်များသည် AIPA တွင် ပူးပေါင်းဆောင်ရွက်မှုများကို အထူးအလေးထားကြောင်း၊ ဤအချက်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းခဲ့သည့် AIPA ဆိုင်ရာ ပူးတွဲကော်မတီ(Joint Committee on AIPA) က ထင်ရှားစေပါကြောင်း၊ မြန်မာပြည်သူများ၏အသံကို ထင်ဟပ်သည့် မြန်မာ့လွှတ်တော်များသည် AIPA အဖွဲ့ဝင် ပါလီမန်များနှင့်အတူ ဥပဒေပြုစွမ်းရည်တိုးတက်ရေး၊ ဒေသတွင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ကာ ဒေသတွင်း ပိုမိုငြိမ်းချမ်းဖွံ့ဖြိုးရေးတို့အတွက် AIPA Strategic Plan အကောင်အထည်ဖော်ရေးတို့တွင် အပြည့်အဝ ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်းကို အတွင်းရေးမှူးချုပ်မှတစ်ဆင့် AIPA အဖွဲ့ဝင်ပါလီမန်များထံ သတင်းစကားပါးလိုပါကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ပါသည်။



