အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီနှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့အကြား ဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အဖွဲ့ တက်ရောက်(၃-၃-၂၀၂၃ ရက်)

(၃-၃-၂၀၂၃ ရက်၊ ဂျကာတာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၃-၃-၂၀၂၃ ရက်တွင် ကျင်းပခဲ့သော အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ (CPR) နှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) တို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ AICHR အဖွဲ့ဝင်များ၊ အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး Filomeno Aleixo da Cruz က လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းအစီအစဉ်များ၊ AICHR ၏ ၂၀၂၂-၂၀၂၃ ခုနှစ် လုပ်ငန်းအစီအစဉ်များနှင့် CPR နှင့် AICHR အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AICHR-Myanmar Alternate Representative ဦးဇော်ဇော်စိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၇-၂-၂၀၂၃ ရက်မှ ၃-၃-၂၀၂၃ ရက်အထိ ဂျကာတာမြို့၌ ကျင်းပ ခဲ့သည့် (၃၆)ကြိမ်မြောက် AICHR အစည်းအဝေး၊ AICHR နှင့် အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC) ၊ အာဆီယံ ရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးအကောင်အထည်ဖော်မှုဆိုင်ရာ ကော်မတီ (ACMW) တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများအပြင် ဩစတြေးလျ၊ အီးယူတို့နှင့် တွေ့ဆုံသည့် သီးခြားအစည်းအဝေးများသို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။