အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ပါဝင်တက်ရောက်(၂၂-၂-၂၀၂၃ ရက်)

(၂၂-၂-၂၀၂၃ ရက်၊ ဂျကာတာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း (Qin Gang) သည် အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်စဉ်အတွင်း ၂၂-၂-၂၀၂၃ ရက်တွင် ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံသည် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးညှိနှိုင်းရေးမှူး တာဝန်ယူထားသည်ဖြစ်ရာ အဆိုပါအစည်းအဝေးကို အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ပါဝင်တက်ရောက်ခဲ့ပါသည်။

၎င်းဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene တို့ တက်ရောက်ခဲ့ပြီး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး Filomeno Aleixo da Cruz က လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် နှစ် (၃၀)ပြည့် အထိမ်းအမှတ် အထူးထိပ်သီးအစည်းအဝေး၌ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်နိုင်ခဲ့ခြင်း အပါအဝင် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူး ဖြစ်သည့် မြန်မာနိုင်ငံ၏ ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ ၂၀၂၃ ခုနှစ်သည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွင် တရုတ်နိုင်ငံက လက်မှတ်ရေးထိုးခြင်း နှစ် (၂၀) ပြည့်မြောက်သည့် အခါသမယ ဖြစ်သဖြင့် နှစ်ပတ်လည် အထိမ်းအမှတ် အစီအစဉ်များ၊ အာဆီယံ-တရုတ် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုနှစ်အတွက် ပြုလုပ်ရန်ရှိမည့် အစီအစဉ်များနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ်၏ တစ်ခုတည်းသော ညှိနှိုင်းစာသားအပေါ် ဒုတိယအကြိမ် ဆွေးနွေးမှုအား ဆောလျင်စွာ အပြီးသတ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။