(၂၀-၆-၂၀၂၃ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Lee Jang-keun အား ၁၉-၆-၂၀၂၃ ရက်နေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ မိုခါမုန်တိုင်းအတွက် ကိုရီးယားသမ္မတနိုင်ငံမှ လူသားချင်းစာနာမှု အထောက်အကူများ ပေးအပ်ခြင်း ကိစ္စရပ်များ၊ အာဆီယံ-ကိုရီးယား ဗဟိုဌာန (ASEAN-Korea Centre) ကို အခြေပြုလျက် အာဆီယံ-ကိုရီးယား ဆက်ဆံရေး တိုးမြှင့်ရန် ကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့တွင် ဖွင့်လှစ်ထားသည် အာဆီယံယဉ်ကျေးမှုအိမ် ASEAN Culture House မှတစ်ဆင့် နှစ်ဖက် ယဉ်ကျေးမှုဆိုင်ရာကဏ္ဏများတွင် ပူးပေါင်း ဆောင်ရွက်ခြင်းများ တိုးမြှင့်သွားရန် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
ထို့အပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် အာဆီယံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E. Evgeny Zagaynov ၊ အာဆီယံဆိုင်ရာ အယ်လ်ဂျီးရီးယား သံအမတ်ကြီး H.E. Lahcene Kalid Slimane တို့အား ၉-၆-၂၀၂၃ ရက်နေ့တွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အာဆီယံ ယန္တရားအောက်မှ ပူးပေါင်း ဆောင်ရွက်မှုကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။



